အမျိုးသားများနှင့် အရိုးပွရောဂါ
အရိုးပွရောဂါ (Osteoporosis) ဆိုတာ အရိုးတွေကို အားနည်းကြွပ်ဆတ်ပြီး အလွယ်တကူ ကျိုးသွားစေနိုင်တဲ့ အရိုးရောဂါတစ်မျိုး ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် လူ့ခန္ဓာကိုယ်ထဲက အရိုးတွေဟာ အမြဲတမ်းလိုလို ပျက်စီးပြီး အသစ်ပြန်လည်ပြုပြင်ကာ အစားထိုးပေးရတဲ့ တစ်ရှူးတစ်မျိုးဖြစ်ပြီး အရိုးဟောင်းတွေရဲ့ ပျက်စီးမှုအရှိန်ကို အရိုးအသစ်တွေ ပြန်လည်တည်ဆောက်မှုက မလိုက်နိုင်တဲ့ ပြဿနာကို အရိုးပွရောဂါလို့ ခေါ်ပါတယ်။
အရိုးပွရောဂါဟာ ကျား၊ မ မရွေး ဖြစ်နိုင်တယ်ဆိုပေမယ့် အမျိုးသမီးတွေမှာတော့ ဟော်မုန်းအပြောင်းအလဲ များတာ၊ သံဓာတ်ချို့တဲ့တာ၊ သွေးအားနည်းတာ၊ အရိုးသိပ်သည်းဆ နည်းတာတွေကြောင့် အမျိုးသားတွေနဲ့ ယှဉ်ရင်တော့ အရိုးပွရောဂါ ဖြစ်နိုင်ခြေက သိသိသာသာ များပါတယ်။ ဒါပေမယ့် အမျိုးသားတွေမှာလည်း အရိုးပွရောဂါ လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။
ဘယ်လိုအမျိုးသားတွေမှာ အရိုးပွရောဂါ ဖြစ်နိုင်ခြေပိုများလဲ?
- အသက် (၆၅) နှစ်အထက် ဖြစ်နေတာ
- မကြာခဏ အရိုးထိခိုက်ကျိုးပဲ့ဖူးတာ
- ဆေးလိပ်အရက် အလွန်အကျွံ သောက်သုံးတာ
- ဆီးချိုရောဂါရှိတာ
- အဆစ်အမြစ်ရောင်ရောဂါ ရှိနေတာ
- တချို့သော ရောဂါသောက်ဆေးတွေကို စွဲသောက်နေရတာ
- ပါကင်ဆန် ရောဂါရှိနေတာ
- ကျားဟော်မုန်းပမာဏ နည်းလွန်းနေတာ
- ကြွက်သားထု အားနည်းတာ စတာတွေကြောင့် အမျိုးသားတွေမှာ အရိုးပွရောဂါ ဖြစ်နိုင်ခြေ ပိုများနိုင်ပါတယ်။
ရောဂါရှိစဉ် အစောပိုင်းကာလမှာ လက္ခဏာတွေ မပြတတ်သလို ကိုယ့်မှာ ရောဂါရှိမှန်းတောင် အများစုက မသိထားတတ်ကြပါဘူး။ အရိုးတစ်ခုခု အကြီးအကျယ် ထိခိုက်သွားမှပဲ ကုသမှုခံယူရင်း ကျန်းမာရေးစစ်ဆေးရာကနေ အများစုက ကိုယ့်မှာ ရောဂါရှိမှန်း သိသွားကြတာပဲ ဖြစ်ပါတယ်။ အရိုးပွရောဂါရှိနေတဲ့သူတစ်ယောက်ဟာ အရိုးပေါ်ကနေ အားနည်းနည်းလေး သက်ရောက်မိလိုက်တဲ့အခါမှာတောင် အရိုးအတွက် ပြင်းထန်တဲ့ဒဏ်တစ်ခု ဖြစ်သွားစေပြီး ထိခိုက်ကျိုးပဲ့သွားစေနိုင်ပါတယ်။
အမျိုးသားတွေမှာ အရိုးပွရောဂါရှိမရှိ သိနိုင်ဖို့အတွက်
- ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း
- DEXA Scan ဖတ်ပြီး အရိုးသိပ်သည်းဆ တိုင်းတာခြင်း
- သွေးစစ်ခြင်း
- ဆီးစစ်ခြင်း
- ကျားဟော်မုန်း စစ်ဆေးခြင်း စတဲ့နည်းလမ်းတွေနဲ့ စစ်ဆေးကြည့်လို့ ရနိုင်ပါတယ်။
အရိုးပွရောဂါကို မဖြစ်အောင် ရာနှုန်းပြည့် ကာကွယ်နိုင်တဲ့ နည်းလမ်းမရှိသေးပေမဲ့ ကိုယ့်ရဲ့ တစ်နေ့တာ နေထိုင်စားသောက်မှုပုံစံကို ပြင်ဆင်မယ်ဆိုရင်တော့ ရောဂါဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။
ဒီလိုပြင်ဆင်မှုတွေထဲမှာ
- Calcium နဲ့ Vitamin D ဓာတ်ကို ပိုမိုစားသုံးပေးခြင်း
- လိုအပ်တဲ့ ဖြည့်စွက်စာ၊ အားဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးခြင်း
- အရိုးထိခိုက်မှုမရှိအောင် ကာကွယ်ခြင်း
- ရှိပြီးသား ရောဂါအခံတွေကို ကုသခြင်း၊ သောက်ဆေးပေးခြင်း၊ ထိန်းချုပ်ခြင်း
- တစ်ရက်ကို အနည်းဆုံး နာရီဝက်လောက် လေ့ကျင့်ခန်းလုပ်ပေးခြင်း
- ဆေးလိပ်ဖြတ်ခြင်း
- အရက်နဲ့ ကဖင်းဓာတ်ကို တတ်နိုင်သလောက် လျှော့ချခြင်း
- တစ်နေ့တာ အစာအာဟာရ လုံလောက်ပြည့်ဝအောင် စားသုံးခြင်း
- အဆီများတဲ့၊ အငန်ဓာတ်များတဲ့ အစားအစာတွေကို လျှော့စားခြင်း စတာတွေကို လုပ်ပေးနိုင်ပါတယ်။
အမျိုးသားတွေမှာ အရိုးပွရောဂါ ဖြစ်နိုင်ခြေနည်းတယ်ဆိုပေမယ့် လုံးဝမဖြစ်နိုင်တာမျိုး မဟုတ်လို့ ကိုယ့်ဘက်က စောစီးစွာ ကြိုတင်ကာကွယ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို လိုက်နာမယ်ဆိုရင်တော့ ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ပြီး ကျန်းမာတဲ့ လူနေမှုဘဝကို နေထိုင်သွားနိုင်မှာပါ။
အကယ်လို့ ရောဂါစစ်ဆေးကြည့်တဲ့အခါ ကိုယ့်မှာ အရိုးပွရောဂါရှိနေတယ်လို့ Diagnosis ထွက်လာတယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ကိုယ်နဲ့ ကိုက်ညီတဲ့ ကုထုံးတွေနဲ့ ကုသမှုခံယူတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။